သီပေါမြို့ မန်ဟဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

သီပေါ ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မန်ဟဲကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ရောင်းချလျက်ရှိသော ကျောင်းမုန့် ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းရှိ၊ မရှိတို့ကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့ နံနက် (၉)နာရီက  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက ကျောင်းမုန့်ဆိုင်များတွင် ရက်လွန်မုန့်များရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါသည့် မုန့်များကိုသာရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သန့်ရှင်းသပ်ရပ်စွာ ဖုံးအုပ်ထားရန်၊ ရောင်းချသူ ဈေးသည်များမှလည်း ပါးစပ်နှာခေါင်းစည်း(Mask)၊ လက်အိတ်စသည်များဖြင့် သန့်ရှင်းစွာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများမှ ကျောင်းမုန့်ဈေးဆိုင်များအား ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)