ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

ပေါင်          ဇွန်       ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဦးနေဇင်သက်က စားသုံးသူများအနေဖြင့် ဆိုးဆေးများပါဝင်သောအစားအစာများကို ရှောင်ကျဉ်ကြရန်၊ နိုင်ငံခြားမှတင်သွင်းလာသည့်အစာများတွင် မြန်မာစာလုံးပါဝင်သောအစာများကိုသာ ရွေးချယ်စားသုံးကြရန်၊ FDA မှခွင့်ပြုထားသည့် အစားအသောက်များကိုသာ စားသောက်ကြပါရန်စသည့် အကြောင်းအရာများအပြင် ပြည်သူများသိသင့်သိထိုက်သည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာသုံးသူများအနေဖြင့် ဟင်းသီးဟင်းရွက်များကို မိမိအိမ်တွင်စိုက်ပျိုးခြင်းမဟုတ်ဘဲ အပြင်မှဝယ်ယူပါကဆားရည်(၁၅)မိနစ်ခန့်စိမ်ပြီးမှသာ ချက်ပြုတ်သင့်ပါကြောင်းအပြင် အခြားသိသင့်သိထိုက်သော‌အချက်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသန်းဌေးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်သူများက သိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)