နောင်မွန်းမြို့၌ ကဆန်ချောင်းရေတိုက်စားမှုကြောင့် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နရန် ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှု ဖြစ်ပွား

နောင်မွန်း ဇွန် ၂

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီတွင် အ.မ.က(၁) ကျောင်းကမ်းပါးယံပြိုကျမှုနှင့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး)ပေါ်ရှိ နရန်ချောင်းကူးတံတား ချဉ်းကပ်လမ်းရေတိုက်စားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(၁) ကျောင်းအနောက်ဘက်ခြမ်းတွင် ကဆန်ချောင်း ရေတိုက်စားမှုကြောင့် အလျားပေ (၃၀၀)ရှိသည့်‌‌ ကျောင်းကမ်းပါးယံ၏ အတွင်းဘက်သို့ (၁၀)ပေခန့် ပြိုကျခဲ့ပြီး နံနက်၉နာရီတွင် ထန်ထုကျေးရွာအနီး နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်း (ကျေးလက်လမ်းဦးစီး)ပေါ်ရှိ အရှည်ပေ (၈၀)ရှိ နရန်ချောင်းကူး ဘေလီသံဘောင်တံတား ချဉ်းကပ်လမ်း ၈ပေခန့် ရေတိုက်စားပြိုကျမှု ဖြစ်ပေါ်ခဲ့ကာ မော်တော်ဆိုင်ကယ်နှင့် လူများပုံမှန်အတိုင်းသွားလျက်ရှိပြီး ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှု ပြတ်‌တောက်မှုဖြစ်ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် တာဝန်ရှိသူများက သွား‌ရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတား ပြန်လည်ကောင်းမွန်လာစေရေးနှင့် အများပြည်သူ ပုံမှန်အတိုင်း သွားလာနိုင်ရန် အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားသည်။

နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ်‌ရွာသွန်းမှုကြောင့် ဇွန်လ ၁၉ရက်နေ့တွင်လည်း လမ်းကမ်းပါးယံ မြေပြိုမှုများ၊ တံတားချဉ်းကပ်လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်းရှင်းလင်းပြုပြင်မှုများ အရှိန်မပျက် ဆောင်ရွက်နေသော်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှောင့်နှေးကြန့်ကြာမှုရှိခြင်းကြောင့် လက်ရှိတွင် ပူတာအို-မချမ်းဘော့-နောင်မွန်းကားလမ်းသွားလာမှု ပြတ်တောက်လျက်ရှိပြီး ပြည်သူများ လုံခြုံစိတ်ချစွာ ပုံမှန်အတိုင်း သွားလာနိုင်ရန်အမြန် ဆုံးကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇွန်လ ၂၁ ရက်တွင် မိုးရေချိန် (၈.၁၈)လက်မဖြင့် မိုးရွာသွန်းလျက်ရှိရာ မိုးရေနှင့်ချောင်းရေများကြောင့် ပျက်စီးဆုံးရှုံမှု စာရင်းများ ကောက်ယူပြီးအချိန်နှင့် တ‌စ်ပြေးညီ ပြင်ဆင်ဆောင်သွား မည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်ထံမှ သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)