ပြည်ကြီးတံခွန် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က ခွဲ (လ-၅)တို့ ပူးပေါင်း၍အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်ထုနှင့်ဆေးလိပ်သောက်သုံးခြင်းအန္တရာယ်များကိုလည်းကောင်း၊ ဦးစီးအရာရှိဦးညိုထွန်းကမူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့်လူငယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည့် စိတ်ကြွဆေးပြားများကို ရှောင်ရှားရမည့်နည်းလမ်းများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်တင်ကမူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များကို အသီးသီးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)