မိုင်းဖြတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းကိုကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)