မွန်ပြည်နယ် ပေါင်မြို့နယ်တွင် လုံခြုံရေးဆိုင်ရာတာဝန်ထမ်းဆောင်ကြမည့် အထူးရဲများကို ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ သင်တန်း ပို့ချ

ပေါင် အောက်တိုဘာ

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ပေါင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာတာဝန်ထမ်းဆောင်ကြမည့် အထူးရဲများကို ကျခတ်ငူ ကျေးရွာ ၌ သင်တန်းပို့ချပေးလျှက်ရှိကြောင်း သိရသည်။

အထူးရဲသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ဖြစ်ပြီး လက်ရှိ သင်တန်းသား ၉၈ ဦးကို ကျန်းမာရေးညွှန်းကြားချက်တွေနှင့်အညီ သင်တန်းပို့ချပေးလျှက်ရှိသည်။

ရွေးကောက်ပွဲကာလတွင် မဲရုံတစ်ရုံကို ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းဖြင့် လုံခြုံရေးတာဝန်ယူရာတွင် ရဲတပ်ဖွဲ့ဝင် အင်အားလုံလောက်မှုမရှိသည့်အတွက် အထူးရဲများကို ခေါ်ယူခန့်အပ်ရခြင်း ဖြစ်သည်။

လက်ရှိသင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာရမည့်ဥပဒနည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေများနှင့် အခြားသိမှတ်ဖွယ်ရာများကို ကိုဗစ် ညွှန်ကြားချက်နှင့်အညီ သင်ကြားပေးနေတယ်လို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်ထွန်းက ပြောသည်။

အဲဒီမှာ သင်တန်းပို့ချတာက လက်နက်မဲ့ စစ်ရေးပြဘာသာရပ်တွေ၊ လူ့အခွင့်အရေး ဘာသာရပ်တွေ ပါမယ်၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေပါမယ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်း တွေပါမယ်၊ နောက်ပြီး ဥပဒေပိုင်းဆိုင်ရာဆိုရင် ရာဇသတ်ကြီး၊ ရဲအက်ဥပဒေတွေ၊ နောက် ရွေးကောက်ပွဲ ဆိုင်ရာ သိသင့်သိထိုက်တဲ့ ဥပဒေဘာသာရပ်တွေ အဲဒါတွေကို သူတို့နဲ့ မိတ်ဆက်သင်ကြားပေးနေတယ်၊ အခုကာလကလည်း ကိုဗစ်ဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဲ့ ညွှန်ကြားချက်နဲ့အညီ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်နေပါတယ်။” ဟု ၎င်းက ပြော သည်။

အထူးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အခြေခံလစာ တစ်လလျှင် ၁၄၄၀၀၀ ကျပ်နှင့် နေ့တွက် စားစရိတ် ‌တစ်‌ရက်ကို ၂၈၀၀ ကျပ်တို့ကို ခံစားခွင့် ရရှိမည်ဖြစ်သည်။

နောက်ပိုင်းတွင် အထူးရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ချင်သည့် ဆန္ဒရှိလျှင် သက်မှတ်အရည်အချင်းနှင့် ပြည့်မီမည်ဆိုပါက ခန့်အပ်သွားမည် ဖြစ် ကြောင်း သိရသည်။လာမည့်‌ ရွေးကောက်ပွဲအတွက် ပေါင်မြို့နယ်အတွင်း မဲရုံ(၉၈)ဖွင့်လှစ်ဖို့လျာထားပြီး ဆန္ဒမဲ ပေးခွင့် ရှိသူ နှစ်သိန်းကျော်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏စာရင်းအရ သိရသည်။

ကိုဟိန်း(ပေါင်)