သံတွဲ ဇွန် ၂၂
သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club မှ ပြုလုပ်သည့် စုန်ဆန်စီးမျော စာပေတော စာပေစကားဝိုင်းအမှတ်စဉ် (၃၅) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲမြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club ဥက္ကဋ္ဌဦးစောလှိုင်(ဒွါရာဝတီမောင်ပု) က စုန်ဆန်စီးမျောစာပေတော စာပေစကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မျက်လုံးမမြင်သောသူ မီးအိမ်ဆွဲခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကဗျာဆရာဆောင်းသစ် (သံတွဲ) က “ကြည်အေး”၏ တစ္ဆေကဗျာအား ချဉ်းကပ်ခံစားခြင်း၊ မောင်လူအေး (စီးပွါးရေး) က ရေးသူ၊ ဖတ်သူတို့၏ ခံစားချက်များ၊ ဖီးနစ် (သံတွဲ) က ဖီးနပ်ငှက်၏အလွမ်းကဗျာ၊ ခင်မောင်နိုင် (ဝေဒ) က စာဖတ်သူများသို့နှင့် မြန်မာသဒ္ဒါရေးနည်းဆိုင်ရာများ၊ လေးဝတီထွန်းရွှေ က ဥဩငှက်၏သာယာသောအသံနှင့်၊ ကျီးငှက်တို့၏ သဘာဝဆိုင်ရာများ၊ စာရေးဆရာလှဝင်းက စာပေလေ့လာရေးသားခြင်းဆိုင်ရာများနှင့် Book Clubအဖွဲ့ နာယကများဖြစ်ကြသည့် အောင် (သံတွဲ)က စာပေနှင့်အနုပညာ၊ မြင့်စိုးကြည် (သံတွဲ)က စာပေရေးသားမှု၊ ဖတ်ရှုလေ့လာခံစားခြင်းဆိုင်ရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးသည် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကား ဝိုင်းများနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ခရိုင်ပြန်/ဆက်