မြင်းခြံ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉:၃၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးသိဏ်းသန်းအောင်က စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
"ကျောင်းသား/ကျောင်းသူများ အထိမ်းအမှတ်နေ့များကို အသိပညာပေးဟောပြောပွဲ၊ ပြပွဲများဖြင့်ဆောင်ရွက်မှုအပြင် အသိပညာဗဟုသုတများကို ကျောင်းသား/ကျောင်းသူများ ပိုမိုလေ့လာသိရှိစေရေး အထိမ်းအမှတ်နေ့များကို သူတို့ကိုယ်တိုင်နှစ်စဉ်နှစ်တိုင်း မှတ်မိနေစေရန် ရည်ရွယ်ပြီး ယခုလိုပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ပါတယ်" ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းများနှင့် အထက (ခွဲ) အလင်းရောင်ကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၉) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀) ဦး အသီးသီးဝင်ရောက် ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး ဆုချီးမြှင့်ခြင်းပွဲ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ