ရွှေကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရွှေကူ ဇွန် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌  ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျောင်းသားလူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ကြည် နိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပရ ခြင်းဖြစ်ကြောင်း” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ် ဦးစီးမှူး ဒေါ်ခင်ပပသိန်းက ပြောကြားခဲ့သည်။

အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများတွင် “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ” ခေါင်းစဉ်ဖြင့် ပန်းချီ၊ပိုစတာပြိုင်ပွဲကို ကျင်းပရာနေ့လယ်ပိုင်းတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့ကလည်းကောင်း၊ နံနက်ပိုင်းတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး တို့ကလည်းကောင်း  ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်