ကျောက်ပန်းတောင်း ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၂) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသား ကျောင်းသူ ၉၆ ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ လာရောက်ခဲ့ကြပြီး၊ ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်နှင့် မူးယစ်စေတတ်သည့် ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦး၏ နောက်ဆက်တွဲ ပြသနာများ၊ တရားမဝင်ရောင်းဝယ်မှုနှင့် သုံးစွဲခြင်းအတွက် ကျရောက်နိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးစွဲလန်းရခြင်းအကြောင်းများကို အသိပညာပေး ဟောပြောသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူကလေးများက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်ပြသထားမှုများကို လေ့လာကြည့်ရှုကြရာ၊ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူးတို့က ရှင်းလင်းပြသကြပြီး၊ စာအုပ်စာစောင် ငှားရမ်းဖတ်ရှုလိုသည့် ကျောင်းသား/ကျောင်းသူ လေးများအား စာကြည့်တိုက်လက်ထောက် (၃) ကသက်ဆိုင်ရာ ကြီးကြပ်သူ ဆရာ/ဆရာမများ၏ ထောက်ခံချက်ဖြင့် စာငှားကပ်ပြုလုပ်၍ ငှားရမ်းပေးခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်