တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ

တာမိုးညဲ ဇွန် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာမိုးညဲနယ်မြေရဲစခန်း၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မီဒီယာခန်းမ၌ ဆောင်ရွက်ခဲ့သည်။       

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တာမိုးညဲနယ်မြေ ရဲစခန်းမှူး ရဲအုပ် နေထွဏ်းလင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကို ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ၊ကွမ်းစားခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပေးပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တာမိုးညဲ(ပြန်/ဆက်)