မူဆယ် ဇွန် ၂၂
ဒေသဖွံဖြိုးတိုးတက်ရေး၊ ကျေးရွာ/ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဉပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ မောက်ကိုဆွဲ့ခန်းမ (၄)တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လယ် (၃း၀၀)အချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟန်ဝင်းဇော်က ဒေသအေးချမ်းလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးတို့အတွက် ပြည်သူလူထုအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ပေးကြရန်၊ မူဆယ်မြို့လုံခြုံရေးအတွက် မြို့တွင်းလမ်းများအား CCTV များ တိုးမြှင့်တပ်ဆင်သွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာစိုင်းအောင်ကျော်စောက ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် ခြင်ပေါက်ဖွားနိုင်သော နေရာများနှင့် သွေး လွန်တုပ်ကွေးရောဂါကာကွယ်နိုင်မည့် နည်းလမ်းများကို ထပ်ဆင့် မျှဝေခဲ့ပါသည်။ ယင်းနောက် မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ဒေသခံပြည်သူများအား အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် မရှိသေးသူများကို မေးမြန်းကာ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားတိုင်း Smart-Card သုံးစွဲနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးဇော်က မူဆယ်မြိုနယ်အတွင်း ခိုး/ဆိုး/လု/နှိုက်/အကြမ်းဖက်မှုများအတွက် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူ များအနေဖြင့် ပူးပေါင်းပါဝင်တိုင်ကြားပေးကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိန်မိုင်က ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ခြင်ပိုးလောက်လမ်းများ ဆေးခတ်ရန် အဘိတ်(Abate)ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိ/ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)