မိတ္ထီလာ ဇွန်၂၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ် (၄၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သုတေသနစာဖတ်ပွဲကို ကျင်းပရာ မောင်ထင်၏ ငဘဝတ္ထုမှ ဇာတ်လမ်း ဖန်တီးပုံလေ့လာ သုတေသနစာတမ်းအပါအဝင် ဝိဇ္ဇာ၊ သိပ္ပံ သုတေသနစာတမ်းများကို ဓာတုဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်၊ ဒဿနိက၊ ဘူမိဗေဒ၊ ရူပဗေဒ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်း၊ စီးပွားရေး ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာနှင့် အင်္ဂလိပ်စာဌာနတို့မှ နည်းပြ၊ သရုပ်ပြ၊ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ စာတမ်းရှင် ၁၄ ဦးက ဖတ်ကြားကြသည်။ ၎င်းစာတမ်းဖတ်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ နေအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ကြသည်။ အဆိုပါစာတမ်းဖတ်ပွဲကျင်းပပြီးစီးချိန်တွင် အကောင်းဆုံး ဝိဇ္ဇာ၊ သိပ္ပံသုတေသနဆု ရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချမ်းသာ