ကချင်ပြည်နယ်ဝန်ကြီးချုပ် သယံဇာတရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အမှိုက်ကောက်ပွဲ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကျင်းပသော (၁၂)ကြိမ်မြောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသိ

မြစ်ကြီးနား ဇွန် ၂၂

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းအမှိုက်ကောက်ပွဲ အခမ်းအနားကို ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ဧရာဝတီမြစ်ကမ်းဘေး၌ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး အတွက် နှစ်ရှည်သစ်ပင်များဖြစ်ကြသည့် ရေထောက်ကြံ့၊ ရေပိတောက်၊ ယမနေ၊ ဗာတီဘာမြက်၊ မအူ စသည့်ပျိုးပင်ပေါင်း ၄၅၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ ကမ်းနားလမ်းတစ်လျှောက် ဝန်ထမ်းများနှင့် စုပေါင်း၍ ပလတ်စတစ်အမှိုက်များ သိမ်းယူစွန့်ပစ်ခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကိုလည်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်၊ အေးမြသာယာအပိုင်း(၅) အတွင်းရှိ ကချင်ပြည်နယ်ရှိ ရခိုင်မျိုးနွယ်စုဝင်များ၏ ရခိုင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၂) ကြိမ်မြောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာခေတ်တွင် ကျောင်းသား/သူများအနေဖြင့် ပညာကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာနေရန်နှင့် စာပေများကို ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများကို မွေးမြူရန် လိုအပ်သကဲ့ မိမိတို့ ဘဝ လျှောက်လှမ်းရမည့် ဘဝတစ်သက်တာတွင် ပညာရည်ပြည့်ဝကောင်းမွန်သော နိုင်ငံ့သားကောင်းများ ဖြစ်လာရန် လိုအပ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် နိုင်ငံတော် သြဝါဒါစရိယ သံဃာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒာဝရာဘီဝံသ အမှူးထား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဇေယျာမင်းတို့က  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ ကြသော ရခိုင်မျိုးနွယ်စုဝင် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်