မြေပုံ ဇွန် ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထပ်မံထောက်ပံ့သော စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်း(၁၃)မျိုးအား လေဘေးသင့် ပြည်သူများထံသို့ အမြန်ရောက်ရှိရေး မြို့နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထပ်မံထောက်ပံ့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထပ်မံရောက်ရှိလာသည့် ပစ္စည်း(၁၃)မျိုးအား မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် လေဘေးသင့် ပြည်သူများ၏ စိုက်ပျိုးရေး/ မွေးမြူရေးကဏ္ဍ တို့၌လည်း လိုအပ်ချက်ရှိသည်များကို အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များက ထပ်မံရောက်ရှိသော သွပ်(၄၀၀၀)ချပ်၊ ရေသန့်(၀.၅)လီတာဆန့်(၁၇၁၀)ဗူး၊ ရေသန့်(၁)လီတာဆန့်(၆၅၀)ဗူး၊ ဆီ 300ML (၁၀၀) ဗူး၊ ခေါက်ဆွဲခြောက် (၁၃၆၅၀) ထုပ်၊ ဘီစကစ်(၃၂)ဖာ၊ မုန့်တီခြောက်(၆၅)ထုပ်၊ ဟင်းသီးဟင်းရွက်ဆီ (၁၂၀) ဗူး၊ မြေပဲဆီ(၁၀)ပိဿာ(၁)ပုံး၊ မြေပဲဆီ(၅၀)ကျပ်သား(၁၀)ဗူး၊ ငံပြာရည် (၁၂)လုံးပါ (၂)ဖာ၊ ငပိကြော်နှင့် ငပိရည်အနှစ် (၁၀၀)ထုပ်နှင့် မုန့်မျိုးစုံ (၂)ဖာတို့အား ခွဲဝေ သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးကြောင်း သိရသည်။
တင်ဝင်း(ပြန်/ဆက်)