မိုးကုတ်မြို့နယ် လူထုအခြေအပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

မိုးကုတ် ဇွန် ၂၂

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်ည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အ​​​ဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က မူးယစ်​ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကြောင်းနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိရန် သိရှိလိုက်နာသင့်သည့် အချက်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်  ဒုတိယဦးစီးမှူး ဒေါ်နန်းခွာညိုနှင်းက မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများဖြစ်သည့် စူးမ်းလိုခြင်း/ စမ်းသပ်လိုခြင်း၊ အပေါင်းအသင်း ဆွဲဆောင်မှုကြောင့်သုံးစွဲခြင်း၊  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဆေးအဖြစ် စ၍သုံးရာမှ ဆက်လက်သုံးစွဲရခြင်း၊ ပင်ကိုဗီဇညံ့ဖျင်းသည့် ကိုယ်ရည်ကိုယ်သွေးကြောင့်သုံးစွဲခြင်း၊ လူမှုရေးပြဿနာတစ်ခုခုကြောင့် သုံးစွဲရခြင်း၊ မိသားစုအတွင်း ဆက်ဆံရေးမပြေလည်ခြင်း၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများ ဆွဲဆောင်မှုကြောင့်သုံးစွဲခြင်း စသည့်အကြောင်းအရာတို့ကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကြည်ကြည်နွဲ့