စဉ့်ကူး ဇွန် ၂၁
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ခင်းကျင်းပြသခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား သုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေးအသိပညာပေး ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ လက်ကမ်းစာစောင်များ၊ ပညာပေး ရုပ်ပြများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်နှင့် ပိုစတာများ၊ သရုပ်ဖော်ပန်းချီများ၊ မူးယစ်ဆေးသုံးစွဲသူများအား ကုသပေးခြင်းနှင့်ပညာပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ စိတ်ကြွဆေး အန္တရာယ်မှ ကင်းဝေးစေရေး သိမှတ်ဖွယ်ရာများအား စိတ်ဝင်စားဖွယ်ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)