ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်ဆည် ဇွန်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများသဘာဝဘေးအန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ယမန်နေ့မွန်းလွဲ(၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မုန်တိုင်းဖြစ်ပွားပါက အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်များရရှိပါက ကြိုတင်ပြင်ဆင်လိုက်နာ ဆောင်ရွက်ထားရမည့်အချက်များနှင့် အရေးပေါ်သုံးပစ္စည်းများအကြောင်း၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ပြုလုပ်ရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပြီး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဝင်းက ငလျင်ဘေးကြုံတွေ့ပါကကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ စသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့်ဆရာ/ဆရာမများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်