တပ်ကုန်းမြို့၌ မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

တပ်ကုန်း ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော် ကြီးတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် တပ်ကုန်းမြို့နယ် မဟာသီဟနာဒ ကျောင်းတိုက်၊ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး၊ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များက “သာသနဿစ လောကဿ” စသော တစ်ဂါထာကို သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်တော်မူကြသည်။  

ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များက ဩဝါဒကထာ မြွက်ကြားတော်မူခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက သာသနာရေးဆိုင်ရာများ လျှောက်တင်၍လည်းကောင်း၊ မြို့နယ်သံဃာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် သာသနာ့ရေးရာကဏ္ဍ၊ ဝိနစ္ဆယရေးရာကဏ္ဍ၊ ပညာရေးရာကဏ္ဍများနှင့် မြို့နယ်သံဃာနာယကအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားလျှောက်ထားတင်သွင်းခဲ့ပြီး၊ သဘာပတိဆရာတော် မြို့နယ်သံဃာနာယက အဖွဲ့ဥက္ကဋ္ဌ၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက်၊ ဘဒ္ဒန္တသောမနက နှစ်ပတ်လည်အစီရင်ခံစာအား အတည်ပြုချက်ရယူတော်မူ၍၊ နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူခဲ့ပြီးနောက် အခမ်းအနားကို “ဇယန္တော ဗောဓိယာ မူလေ” အစချီသော နှစ်ဂါထာကို ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်