ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

နေပြည်တော် ဖေဖေါ်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက  ဌာနဆိုင်ရာများစုပေါင်း၍ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လုပ်ငန်းလိုအပ်ချက်အခက်အခဲများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကျေးရွာများသို့ ကွင်းဆင်းကာ ဝန်ဆောင်မှု ပြုလုပ်ပေးလျက်ရှိပါကြောင်းပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက ပြုလုပ်ဆောင်ရွက်ပေးသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ ပြည်သူ့ဝန်ဆောင်မှု(OSS) လုပ်ငန်းများ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝက၊ ကျန်းမာရေးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ကျေးရွာရှိ ဒေသခံပြည်သူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)