ဆဒုံးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဆဒုံး ဇွန် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး  အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖြစ်‌‌ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ မူးယစ်ဆေးကြောင့် လူငယ်များ မူးယစ်နွံထဲမရောက်စေရန် ဆေးလိပ်၊ အရက်များ အစပြု မသုံးစွဲ မိရန်၊ မူးယစ်ဆေးဝါးကို ဝေးဝေးမှရှောင်ရှားရန်နှင့် မူးယစ်ဆေးဝါးသည် လူသားများကို အညွန့်တုံးစေကာ မိသားစုအလိုက် ဘဝပျက်စေသောကြောင့် စမ်းသပ်မပြုလုပ်ကြရန် အသိပညာပေး ဟောပြောခဲ့သည်၊၊

ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတ တိုးပွားရရှိစေရန် စာအုပ်စာစောင်ပြပွဲ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခင်မာဝင်း (ဆဒုံး)