ပူတာအို ဇွန် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြှင့်မားလာစေရေးနှင့် ခရီးသွားလုပ်ငန်းဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၀ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဒုတ္တန်) ကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောဦးစီး ဌာနမှ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသူ လေးများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်း တို့၏ ဇနီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား လွှဲပြောင်းပေးအပ်ခဲ့ ကြပြီး သစ်အယ်၊ ရေပိတုန်း၊ ပျဉ်းကတိုး၊ ထင်းရှုး၊ တောင်တမာ၊ ကုက္ကိုလ်၊ ရေသင်းဝင်စသည့် နှစ်ရှည် သစ်ပင်ကြီးမျိုး ၃၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက် စိုက်ပျိုးသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြပြီး ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကာ သစ်တောဦးစီးဌာနမှ နှစ်ရှည်ပျိုးပင် (၁၀၀၀) အား ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများနှင့် ဒေသခံပြည်သူလူထုထံ ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပူတာအိုမြို့ မြို့မရပ်ကွက် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျပ်သိန်း (၉၀၀၀)ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် နိုင်ငံတကာအဆင့်မီ ခရိုင် Synthetic ပြေးလမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ပြေးလမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်ပြေးလမ်းသည် ပြည်နယ်၏ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၉၀၀၀)ခွင့်ပြု ချထားပေးမှုအပေါ် ခရိုင်၏သက်တမ်းတစ်လျှောက် ပထမဦးဆုံး အနေဖြင့် အဆင့်မီ Synthetic ပြေးလမ်းကို ဂုဏ်ယူဖွယ်ရာ အကောင်အထည်ဖော် တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံများကိုယ်စား ဝမ်းမြောက်မိပါကြောင်း၊ ပူတာအိုသည် တောင်ပေါ် ဒေသဖြစ်ပြီး ပင်ကိုယ်သန်စွမ်းသည့် ကျန်းမာကြံ့ခိုင်သော လူငယ်အားကစားသမားများ ပေါများသည့် အတွက် Synthetic ပြေးလမ်းသစ်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး မျိုးဆက်သစ်ပြေးခုန်ပစ်အားကစား သမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြေးခုန်ပစ်အားကစားနည်းဖွံ့ဖြိုးတိုး တက်လာစေရန် စီမံချက်ချမှတ်ဆောင်ရွက်သွားရန် လိုသကဲ့သို့ သစ်လွင်လှပသည့် ပြေးလမ်းရေရှည် တည်တံ့ခိုင်မြဲရန်အတွက်ကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် Synthetic ပြေးလမ်းတာဝန်ယူ တည်ဆောက်ခဲ့သော ရွှေအိုက်ရွှေပြည်သာကုမ္ပဏီ တာဝန်ရှိသူက Synthetic ပြေးလမ်းနှင့်ပတ်သက်သည့် စာရွက်/စာတမ်းများကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ခရိုင် Synthetic ပြေးလမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာ(အခြေချ) ပူတာအိုဗျူဟာမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ခရိုင် Synthetic ပြေးလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြေးလမ်းသစ်ကို လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြေးလမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့များအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကျောင်းသား/ကျောင်းသူလေးများအတွက် မီတာ ၄၀၀ အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ် ပေးခဲ့ကြပြီး ဆုရသူများအတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ခရိုင်ပြည်သူဆေးရုံအတွက် လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ (Oxygen Container) အား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ ကြသည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က လူများ၏ အသက်နှင့်ခန္ခာအတွက် မရှိမဖြစ် အရေး ကြီးဆုံးဖြစ်ပြီး အထူးသဖြင့် မကျန်းမမာဖြစ်နေပြီး အောက်စီဂျင်လိုအပ်နေသူတွေအတွက် အဓိကဖြစ် သည့် အောက်စီဂျင်စက်ရုံကို လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဒေသတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပူတာအိုဒေသတွင် မူလက ရှိနေသည့် အောက်စီဂျင်စက်ရုံအပြင် ယခုထပ်မံလှူဒါန်းသည့် စက်ရုံဖြင့် ဒေသတွင်းအောက်စီဂျင် လိုအပ်ချက် ကို ကောင်းစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အောက်စီဂျင်စက်ရုံအလှူရှင် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်က အောက်ဆီဂျင်စက်ရုံ လွှဲပြောင်း ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အောက်ဆီဂျင်စက်ရုံ (Oxygen Container)အား ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန ခရိုင်ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက အောက်ဆီဂျင်စက်ရုံ လှူဒါန်းသည့် ပြည်နယ်အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်းအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ ခရိုင်ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အောက်စီဂျင်စက်ရုံ(Oxygen Container)အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးရုံဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသည့် ယခင် အောက်စီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့် ကိုက်ညီပြီး တောင်သူ များအတွက် အကျိုးဖြစ်ထွန်းစေသည့် နှစ်ရှည် သီးနှံပင်များဖြစ်ကြေသော ရှောက်ပန်း၊ လဘ္ကက်၊ ကော်ဖီ၊ မက္ကဒေးမီးယားပျိုးပင်များအား လူထုဖြန့်ဝေပေး နိုင်ရေး ပျိုးထောင်စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။
ပြည်နယ်ပြန်/ဆက်