ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က(၁) ပြင်ဦးလွင်၌  လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမဆောင်၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးမြင့်ဇော်က  ဖြည့်စွက်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ကာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း Grade-11မှ ကျောင်းသူများဖြစ်ကြသည့် မအိမ့်ကြာဖြူက  “လူငယ်နှင့် ကာယဗလ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မမေသဉ္ဇာလွင်က “လူငယ်နှင့် ဉာဏဗလ” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊  မရေဗက္ကာက   “လူငယ်နှင့် ဘောဂဗလ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 12 မှ ကျောင်းသား များ ဖြစ်ကြသည့် မောင်ဖြိုးဝေယံက  “လူငယ်နှင့် စာရိတ္တဗလ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မောင်အောင်ခန့်ဇော်က “ လူငယ်နှင့်မိတ္တဗလ “ ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး လူငယ် စကားဝိုင်းသို့ တက်ရောက်လာသော အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အသီးသီး၏ ဆွေးနွေးချက်များအပေါ်နားထောင်ကာ မိမိတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )