မင်္ဂလာဒုံ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးမြမွန်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးနေဆန်းတို့က အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး သီတာလွင်က ကျောင်းသား၊ ကျောင်းသူများအတွက် သိရှိထားရမည့် သင်္ကေတနှင့် လမ်းညွှန်အမှတ်အသားများ၊ ယာဉ်အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးခြင်း၊ ယာဉ်ရပ်ရန်အချိန်ယူခြင်း၊ စက်ဘီး၊ဆိုင်ကယ်များ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးစသဖြင့် ကျောင်းသား၊ ကျောင်းသူများ လွယ်ကူရှင်းလင်း သဘောပေါက် နားလည်အောင် အသင်းဝင်များနှင့်အတူ သရုပ်ပြရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်ဝုန်လွန်းညောင်