ကျိုင်းတုံမြို့၌ “တိရိစ္ဆာန်အစာစိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြ မြက်စိုက်ပျိုးခြင်းဆောင်ရွက်

ကျိုင်းတုံ ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန် အစာစိုက်ပျိုးခြင်း ရက်သတ္တပတ် လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြ နေဗီယာမြက်စိုက်ပျိုးခြင်းကို ယန်းခအုပ်စု၊ (၂၁)မိုင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ယန်းခအုပ်စု၊ (၂၁)မိုင် ကျေးရွာနေ  ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဆမ်သိုင်း၏ ယာမြေတွင် အဆစ်ချနည်းဖြင့် နေဗီယာမြက် (၁)ဧက စိုက်ပျိုးခဲ့ကြပြီး ဒေသခံပြည်သူ့များကို စိုက်ပျိုးမှုနည်းစနစ်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေဗီယာ (Napier) မြက်မျိုးသည် ရာသီဥတုနှင့် ရေမြေအနေအထားအရ တစ်နှစ်လျှင် (၁)ဧက တန်ချိန်(၁၀၀)မှ (၁၅၀)အထိထွက်ရှိပြီး အသားဓာတ် (ပရိုတိန်း) ပါဝင်မှု ၁၂.၁၇% ရှိခြင်းကြောင့် အဟာရပြည့်ဝပြီး အစာလိုအပ်ချက်၊ မွေးမြူရေးစရိတ်လျော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကာ စိုက်ပျိုးကာလ (၄၅)ရက်ကာလကြာမြှင့်ပါက ရိတ်သိမ်း၍ တိရစ္ဆာန်အစာနုအဖြစ် စတင်ကျွေးမွေးနိုင်ကြောင်း သိရသည်။

ဦးစိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)