ပုဏ္ဏားကျွန်းမြို့၌ ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်

ပုဏ္ဏားကျွန်း ဇွန် ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ATOM (ဆက်သွယ်ရေးကုမ္ပဏီ) နှင့် We Love Rakhine ပရဟိတလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ တော်ဝင်လခြမ်းမြေကုမ္ပဏီခြံဝင်း၌ ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာမှ အိမ်ထောင်စု(၂၀)နှင့် စံပြရပ်ကွက်မှ အိမ်ထောင်စု(၄၀)အတွက် အိမ်ထောင်စုတစ်စုလျှင် 0.42 mm Aluzinc သွပ်ပြား(၃၀)ချပ်၊ သွပ်ရိုက်သံ(၁)ပိဿာ၊ တာပေါ်လင်စ(၂၄ ပေ)ပတ်လည်(၁)ချပ်၊ ရေသန့် ဆေးပြား(၃၀)ပြား၊ ဆန်ရိက္ခာ(၂)ကိလိုဂရမ်၊ ပဲနီလေး(၃၀၀)ဂရမ်၊ အဝတ်အထည်နှင့်စားနပ် ရိက္ခာများ လာရောက်ကူညီ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)