တောင်ငူ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ရုံးဝန်ထမ်းများက ကိုယ်ကာယဥာဏ စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့်စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များ ဖြင့် ပုံပြောခြင်း၊ ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူတကွ ပြုလုပ်ခဲ့သည်။
ထို့နောက်ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် နယ်လှည့် စာကြည့်တိုက်ဖြင့် စာအုပ်ငှားရမ်းခြင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ် စာစောင်များကို စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်