သထုံ ဇွန် ၂၁
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွဲပိုင်းက အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး ဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်းက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ယနေ့ခေတ်၌ တွင်တွင် ကျယ်ကျယ်အသုံးပြုလာသည့် အွန်လိုင်းရောင်းဝယ်မှုများနှင့်အတူ ပေါ်ပေါက် လာသည့် စားသုံးသူတို့၏ ထိခိုက်နစ်နာမှုများနှင့် တိုင်ကြားမှုများ၊ စားသုံးသူများ အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ အွန်လိုင်းမှ ဝယ်ယူစားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထိန်းကျောင်းနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် Online Shopping မှတ်ပုံတင်စနစ် လုပ်ငန်းများ စသည့် သိမှတ်ဖွယ်ရာများ တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်