မြောက်ဦး ဇွန် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဦးတင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးသည် လူသားများ၏ အသက်အန္တရာယ် ဆုံးရှုံးစေသည့်အပြင် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိကာ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်လိုအပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန်အမင်းလန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေါ့ပါးခြင်း စသည့်ခံစားမှုများကို ဖြစ်ပေါ်စေသည့်အပြင် သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်ခြင်းတို့ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ စိတ်ကိုပြောင်းလဲ စေတတ်သော မူးယစ်ဆေးများမသုံးမိစေရန် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အလယ် အဆင့်နှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမ၊ဒုတိယ၊တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းကြောင့် ‘‘အလိမ္မာစာမှာရှိ” ဆို သည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့်ရင်နှီးထိတွေ့မှုရှိစေခြင်း၊ စာအုပ်၊ စာပေများနှင့်လည်း ရင်းနှီးမှုရှိစေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)