ဗန်းမော် အောက်တိုဘာ ၉
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်ဂိတ်များ ရပ်နားထားရသည့်အတွက် ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပုဂ္ဂလိကပိုင်မော်တော်ယာဉ် လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ယနေ့မွန်းတည့် ၁၂ နာရီက ဗန်းမော်ခရိုင် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီရုံး၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်၊ ဗန်းမော်ခရိုင်ပုဂ္ဂလိက ပိုင်မော်တော်ယာဉ်လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဖေနှင့် ကော်မတီဝင်များတို့က ခရီးသည်ပို့ဆောင် ရေးမော်တော်ယာဉ်ဂိတ်များနှင့် ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်ဂိတ်များမှ အသင်း(၁) သင်းလျှင် ဆန်(၂၄)ပြည်ပါ တစ်အိတ် နှင့်စားဆီ(၃)ပိဿာကို တန်ဖိုး(၄)သောင်းနှုန်းစီဖြင့် မော်တော်ယာဉ်ဂိတ်အသင်း(၂၆)သင်းတို့ကို စုစုပေါင်း တန်ဖိုး(၁,၀၄၀,၀၀၀) ကျပ်ဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
"အခု ကျွန်တော်တို့ ဒီကားအသင်းတွေကို ထောက်ပံ့ပေးတဲ့ကိစ္စကတော့ Covid-19 ကာလမှာ ကျွန်တော်တို့ အသင်းသူ အသင်းသားတွေ အချိန်ကြာမြင့်စွာ ရပ်နားထားရတဲ့ အတွက် အသင်းကနေပြီးမှ ကူညီထောက်ပံ့ပေးခြင်းဖြစ်တယ်" ဟု ဗန်းမော်ခရိုင်ပုဂ္ဂလိကပိုင်မော်တော် ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ဖေက ပြောသည်။
ကိန်းဖြူ(ပြန်/ဆက်)