နမ့်ခမ်းမြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာထုတ်ပေး

နမ့်ခမ်း ဇွန် ၂၀

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အဆင်ပြေချောမွေ့လွယ်ကူစွာဖြင့် ပင်စင်လစာများ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်မှ သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်စား စုစုပေါင်း (၅၀၅) ဦးရှိပြီး ပင်စင်လစာများကို လစဉ်ပုံမှန် လာရောက်ထုတ်ယူသူပေါင်း (၁၃၀) ဦးခန့် ရှိကြောင်း သိရသည်။ အဆိုပါ ပင်စင်လစာငွေများကို လစဉ် ၂၀ ရက်နေ့မှ နံနက် ၈ နာရီခွဲမှ စတင်ထုတ်ပေးလျက်ရှိပြီး ပင်စင်စားများ၏ လစာငွေများကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးနှင့် နားနေနိုင်ရေးများကို  စီစဉ်ဆောင်ရွက် ပေးထားလျက်ရှိကြောင်း သိရသည်။

လစဉ် ပင်စင်လစာထုတ်ပေးသည့်ရက်များတွင် သက်ကြီးအငြိမ်းစားများ ဘဏ်မှာလာဆုံကြတော့ အချင်းချင်းစကားဖောင်ဖွဲ့၍ ရှေးဟောင်းနှောင်းဖြစ် အကြောင်းများပြောကြ၊  မိတ်ဆွေဟောင်းများနှင့် စကားပြောကြဆိုကောင်းကြလို့ တစ်ခါတစ်လေ တုံကင်နံပါတ်ခေါ်တာကို မကြားဘဲ မစောင့်နိုင်လို့ ပြန်သွားပြီအထင်နဲ့ အလှည့်ကျော်ပြီးခေါ်ပေးရသည့် အဖြစ်မျိုးတွေလည်းရှိကြောင်း၊  ပင်စင်စားအချင်းချင်း တွေ့ဆုံချိန်တွင် ပျော်ရွှင်စွာဖြင့် နှုတ်ဆက်စကားများ၊ ကျန်းမာရေး၊ လူမှုရေး အကြောင်းအရာများကို ပြောကြဆိုကြဖြင့် သူတို့ပြောသမျှကို နားထောင်မိရင်း သူတို့လိုပဲ ပျော်ရွှင်မိကြောင်း ကိုလည်း  နမ့်ခမ်းမြို့နယ် ဘဏ်မန်နေဂျာ ဒေါ်နန်းခင်ဌေးက ပြောကြားခဲ့သည်ကို သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)