ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူး တံတားသစ်နှင့် ဒေသ၏ ပထမဆုံးသော ဆန်(၁၈)တန်ကျ “ဆန်း” ဆန်စက်ဖွင့်လှစ်

ပူတာအို ဇွန် ၂၁

ပူတာအိုခရိုင်အတွင်း ကျေးလက်နေပြည်သူများဘဝ တိုးတက်မြှင့်မားစေရေး၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာ စေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၈)ရွာ၊ လူဦးရေ (၁၀၉၄၀) ဦးတို့အား အကျိုး ဖြစ်ထွန်းစေသည့် ပူတာအို-လယ်မယ်ဝါဂျီ- နန်ရှယ်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင် ပတ်လမ်း) (၂၅)မိုင်ပေါ်ရှိ အရှည် (၂၄၀)ပေ အကျယ် ၂၄ ပေရှိ နမ့်ပလပ် ချောင်းကူး သံကူကွန်ကရစ် တံတားသစ်ကို ဇွန် ၁၉ ရက် နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ တံတားသစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖွင့်လှစ် သော ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူး သံကူကွန်ကရစ်တံတားကို ကျပ် ၁၀၈၀ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင် အတွင်း ကျေးလက်လမ်း/ တံတားများ ဆောင်ရွက်ရန် ငွေလုံးငွေရင်းရန်ပုံငွေ/ ပြည်ထောင်စုငွေလုံး ငွေရင်းများဖြင့် ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလိုကျေးလက်ဒေသများ ရှိ လမ်းကွန်ယက်များကို ရာသီမရွေးသွားလာနိုင်ပြီး အရည်အသွေးကောင်းမွန် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နှင့် မြို့ပြလူနေမှုဘဝကွာခြားမှုကို လျော့နည်းစေပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့်လည်း လမ်း/တံတားများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းကြရန်နှင့် စိုက်ပျိုး ရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက် တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေက ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှီ နမ့်ပလပ်ချောင်းကူး သံကူကွန်ကရစ်တံတားဆိုင်ရာအချက်အလက်များနှင့် လွင်ပြင်ပတ်လမ်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပူတာအိုခရိုင်အတွင်း ကျေးလက်လမ်းများ ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ တံတားဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် များကို ပေးအပ်ကာ ဒေသခံ ရပ်မိ/ ရပ်ဖ ဦးမရစ်ယောရှုက လမ်းတံတားများနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် နမ့်ပလပ်ချောင်းကူးတံတားသစ် ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ တံတားသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် စစ်ဗျူဟာ (အခြေချ) ပူတာအိုဗျူဟာမှူး ဗိုလ်မှူးကြီးမင်းသီဟ၊ ပြည်နယ်ဦးစီးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တံတား၏ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဒေသခံတိုင်းရင်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့(၄)ဖွဲ့အတွက် တစ်ဖွဲ့လျှင်ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၈ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဒေသခံတိုင်းရင်းသားများနှင့်အတူ တံတားသစ်ပေါ်အား ဖြတ်သန်းကြည့်ရှု ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မဒွယ်ရာဇီရေခဲတောင်သွား ကျေးလက်လမ်းတစ်ခုဖြစ်သည့် ဆထီလော်(၃)-မလိရိန်လမ်း တာဘောင်ဖို့ခြင်းနှင့် သဲကျောက်လမ်း ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး လမ်းအူကြောင်း ဖော်ထုတ်ဆောင်ရွက်နေမှုများကို လည်းကောင်း၊ နန်ရှယ်ကော့ကျေးရွာအတွင်း ဒေသခံများနှင့်တွေ့ဆုံ၍ ဂရိတ်ဖုသီးပင် စိုက်ပျိုးနိုင်ရေး မြေသြဇာမြေဆီမြေနှစ်ရရှိနိုင်မှု အခြေအနေများနှင့် ဒေသခံခြံဝင်းအတွင်း ဂရိတ်ဖုသီးပင်များနှင့် ဘုရင်သီးပင် များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတွင်း ဂရိတ်ဖုသီးပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကိုင်းဆက်နည်း ဖြင့် ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေး၊ နေအိမ်ခြံဝင်းများအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှု တိုးမြှင့်စိုက်ပျိုးလာခြင်းအားဖြင့် မိသားစုဝင်ငွေတိုးပွားစေမည့်အပြင် အဓိကစိုက်ပျိုးရေး ထုတ်ကုန်အဖြစ်ထုတ်လုပ်လာနိုင်စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပူတာမြို့ လုံးစွတ်ရပ်ကွက်အတွင်း ဒေသတွင်း ပထမဆုံးဖြစ်သော “ဆန်း” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်၏ ဆန်(၁၈)တန်ကျ ဆန်စက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဆန်စက်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာ (အခြေချ)ပူတာအိုဗျူဟာမှူး ဗိုလ်မှူးကြီးမင်းသီဟနှင့် ပြည်နယ်သမဝါယဦးစီး

ဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဆန်စက်ဖွင့်ပွဲ အခမ်းအနားကို ဆန်စက်အဆောက်အအုံအတွင်း ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကွက်ငယ်တောင်သူများ၊ အသေးစား/ အလတ်စားစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးရန် လိုအပ်သည့်အတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံထဲမှ ပူတာအိုခရိုင်အတွက် ငွေကျပ် (၁.၁၃၅)ဘီလီယံကိခွဲဝေချထားပေးခဲ့ပါကြောင်း၊ ထို့အပြင် ခရိုင်အတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာ အတွက် ဆန်စက်အသေးနှင့် ကြိတ်ခွဲသည့်အတွက် ဆန်ထွက်နှုန်း ထွက်သင့်သလောက်မထွက်ဘဲ ဆန်စပါးလိုအပ်ချက်ရှိသည့် ဒေသတွင် ဆန်စပါးများကို လေလွင့်ဆုံး ရှုံးမှုမရှိအောင် စီမံဆောင်ရွက် ရမည်ဖြစ်သည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထဲမှ ငွေကျပ် (၃၅) သန်းပံ့ပိုးမှုဖြင့် (၁၈)တန် ကျဆန်စက်ကို တည်ထောင်ပေး ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်အတွင်း စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ မိမိတို့ အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့်အတူ ဒေသခံပြည်သူများက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆန်း သမဝါယမလီမိတက် အတွင်း‌ရေးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့် ဆန်စက်ဝယ်ယူခဲ့မှု၊ ဆန်စက်၏ မောင်းနှင်ထုတ်လုပ် နိုင်မှုစွမ်းအားများနှင့် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန်စက်လည်ပတ်မှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဖွင့်ပွဲတက်ရောက်လာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့၏ အနောက်တောင်ဘက်ရှိ  နန်ထွမ်ခူးကျေးရွာ သွားလမ်းပေါ်ရှိ နန့်ထွမ်သစ်တောကြိုးဝိုင်း ဒေသခံအစုအဖွဲ့ပိုင်သစ်တော ဧရိယာအတွင်း နိုင်ဆွမ်းခွမ်းဘွမ်တောင်ပေါ်၌ ပူတာအိုဒေသ၏ ခရီးသွားများအား အဓိကဆွဲဆောင် ရာနေရာ တစ်ခုဖြစ်သည့် ပူတာအိုတိမ်ပင်လယ်နေရာ၌ ဒေသ၏ တောင်တောင်ရေမြေရှုခင်း အလှအပများကို ကြည့်ရှုခဲ့ကြပြီး ခရီးသွားများ စိတ်ဝင်တစား အနားယူအပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ် ပီပီပြင်ပြင် ဖြစ်လာစေရေး မြေယာအလှအပရှုခင်းများ ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရေး အစုအဖွဲ့ပိုင် သစ်တောတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်းရှိ မတ်ပန်ကွင်းအတွင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူ အသိပညာပေး အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ စပါးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး စိုက်ကွက်အတွင်း တောင်သူ များနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ စပါးစံပြစိုက်ကွက်အတွင်း မြေသြဇာ ပက်ဖျန်းခြင်း သရုပ်ပြသမှုနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ကွက်အတွင်း ဆင်းဧကရီ-၃ မျိုးစပါး အစေ့ချ ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဦးစီးမှူးက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး ခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြအခမ်းအနား တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် အောက်ဆန်ဂေါင် ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ကျေးရွာအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော ကျေးရွာသမဝါယမအသင်းသားများနှင့် တွေ့ဆုံ သည်။

ထို့သို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သော အောက်ဆန်ဂေါင်ကျေးရွာ၊ နမ်ပါကျေးရွာ နှင့် မာမိန်ကျေးရွာတို့ကို တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀)ဖြင့် သမဝါယမအသင်းသားပေါင်း (၂၂၇)ဦး တို့ကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင်လည်း မျိုးကောင်း မွန်ရန် လိုအပ်သကဲ့သို့ စနစ်ကျသော မွေးမြူရေးစနစ်များဖြင့် တိရိစ္ဆာန်အစားအစာများ လုံလောက်စွာ ကျွေးမွေး နိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဒေသတွင်း ဝမ်းစာဖူလုံရုံသာမက မိသာစုဝင်ငွေများလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

ထို့နောက် အောက်ဆန်ဂေါင်ကျေးရွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သော သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌက အသင်း၏ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို လည်းကောင်း၊ ကျေးရွာရပ်မိရပ်ဖများက ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ် လျက်ရှိသည့် လုပ်ငန်းများကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူများအတွက် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးဝါးများနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်