ဒလ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ဒလမြို့နယ်အတွင်းရှိ(အငြိမ်းစား)ဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနည်းလမ်းများဖြင့် စနစ်တကျထုတ်ပေးလျက်ရှိသည်။ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်းသိရသည်။
ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း(၄၃၀)ဦးရှိပြီး ပင်စင်လစာများ အဆင်ပြေစေရေးအတွက် ဇွန်လ ၂၁ရက် နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခု အငြိမ်းစား ပင်စင်ထုတ်ယူသူ (၄၁၀)ဦးရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကိုဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)