ကာလိ ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီ အချိန်တွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဉီးနှင့်တစ်ဦး အသိပညာများ ဖလှယ်တက်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော “ပျော်ရွှင်ခြင်း” စာအုပ်မှ “စိတ်ဓာတ်ကြံ့ခိုင်မှု” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်း(ကျိုင်းလွန်း)ကျောင်းမှ မနန်းကွန်က “ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းလိန်ဝမ်းဆိုင်က “စိတ်ဓာတ်ကြံ့ခိုင်မှု” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းကျိန်ခမ်း က “ပျော်ရွှင်မှုနှင့် အခက်အခဲ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းကွမ်းလှိုင်း က “အသုံးမလို တာကို လွှင့်ပစ်ပါ” ခေါင်းစဉ်ဖြင့်လည်ကောင်း စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့်ကျောင်းသား/ ကျောင်းသူများက အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ် များစုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)