တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအားဂုဏ်ပြု

တန့်ယန်း  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ရေးအတွက် မြို့နယ်မှဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ဝိုင်းဝန်း၍ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင်  သွားရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဌာနမှ ဝန်ထမ်း (နှစ်)ဦးအား ဂုဏ်ပြုပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ထွေ/အုပ်ရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ကိုယ်စားပြု သွားရောက်ကြမည့် သူနာပြု (နှစ်)ဦးအား ဂုဏ်ပြုအားပေးစကား ပြောကြားကာ မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဦးလျှင် (နှစ်သိန်းခွဲ)ကျပ်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)