ကျောက်တော် ဇွန် ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ် အောင်သူဦးက အဖွင့်အမှာစကား ပြောကြားပြီး မိုခါ မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေးလုပ်ငန်းအတွက် ထောက်ပံ့ပစ္စည်း ရောက်ရှိမှုနှင့် ပေးအပ်မှုအခြေနေများ၊ ကျောက်တော်မြို့သို့ ရောက်ရှိလာသည့် ခရီးစဥ်မှတ်တမ်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က နိုင်ငံတော် အကြီးအကဲ ခရီးစဥ်များတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုနှင့် ပတ်သတ်၍ တင်ပြချက် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ ပြီးနောက် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီးလင်းရေး၊ မြို့ရေပေးဝေရေး၊ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် တင်ပြကြရာ ဗိုလ်မှူးချုပ် အောင်သူဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ပြီးနောက် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ် အောင်သူဦးနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များသို့ ထောက်ပံ့ပစ္စည်း ၅ မျိုးကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အခမ်းအနားသို့ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ် အောင်သူဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ဖြူဖြူဝင်း