တာလေမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

တာလေ ဇွန် ၂၁

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး “မူးယစ်ဟူသမျှ ဆန့်ကျင်ကြ” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (တာလေ)မှ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)မှ ကျောင်းသား၊ ကျောင်းသူ(၄)ဉီး ၊စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ အာခါတိုင်းရင်းသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် နှစ်သိမ့်ဆု(၂)ဆုအား ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန် ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)