ကျောက်မဲမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်ခင်မာရီသည် ကျောင်းမုန့်ဆိုင်များကို လှည့်လည်စစ်ဆေးပြီး ကျောင်းမုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်သတ်မှတ်ကုန်အညွှန်းအမှတ်အသားပါသည့် မုန့်များကိုသာ ရောင်းချရန်၊ အခြားအစားအသောက်များကို ယင်နားစာများမဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်နှင့် ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန် ဈေးရောင်းချသူများအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ စားသုံးရေးရာဦးစီးဌာနအနေဖြင့် ကျန်ရှိနေသည့် အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဆိုင်များအား အလားတူ ဆက်လက်ကွင်းဆင်း စစ်ဆေးအသိပညာပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)