ပျဉ်းမနား ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချေးငွေလာရောက်ထုတ်ယူကြသည့် တောင်သူများအား ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန့်တင်စန်းက “တောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ရောက် ချေးငွေပြေကြေသူများကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ပြူတွင်းကျေးရွာအုပ်စုနှင့် လဲလူးအိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၁၀၆ ဦးတို့၏ စပါးစိုက်ပျိုးဧက ၄၀၁ ဧက အတွက် ငွေကျပ် ၆၀၁ ဒသမ ၅၀ သိန်းအား ထုတ်ချေးပေးခဲ့သည်။
အဆိုပါ ချေးငွေထုတ်ချေးပေးရာတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ကြောင်း၊ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)