ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြန်လည်တူးဖော်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ     ဇွန်  ၂၁

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည် ပြုပြင်နေမှုနှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်ရေငန်ပုစွန်သားဖောက်စခန်း ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြန်လည် ပြုပြင်နေမှုအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများသည် ကျောက်ဖြူမြို့ အစိုးရ ရပ်ကွက် ဆေးရုံကြီးဝန်း အနောက်ဘက်ခြမ်းရှိ ထောင်သားရေနုတ်မြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယန္တရားများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ အရာရှိ၊ စစ်သည်များနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့တို့မှ  ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များ ပြန်လည်ဆယ်ယူတူးဖော်နေမှုအား သွားရောက်စစ်ဆေးပြီး တာဝန်ရှိသည်များအား လိုအပ်သည် များကို ညှိုနှိုင်းပေါင်းစပ်ပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် စေတီယျရပ်ကွက်ရှိငါးလုပ်ငန်း ဦးစီးဌာန၊ ရေငန်ပုစွန်သားဖောက်စခန်းသို့ သွားရောက်၍ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းနေအိမ်လိုင်းခန်းများ ပြန်လည်ပြင်ဆင်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါစခန်းရှိ ရေငန်ပုစွန်မွေးမြူရေးကန်များ ပျက်စီးဆုံးရှုံးမှုရှိ/မရှိအား ကြည့်ရှုစစ် ဆေးခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမ တွင် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့‌ဆုံပြီး မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ သည့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ အဆောက်အဦများ ပြင်ဆင်ရန်ခွင့်ပြုငွေပမာဏနှင့် ပြင်ဆင်မည့်အစီအစဉ်များကို ခရိုင် ဆရာဝန်ကြီးမှ တင်ပြလာမှုအပေါ် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများမှ လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)