မန့်ဟီးရိုး ဇွန် ၂၁
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် အပြင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိကာရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့ နံနက်(၉း၃၀)အချိန်က ပြသဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲ၍ ဖြစ်တတ်သော အကျိုးဆက်များနှင့် ဆိုးကျိုးများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကဗျာတိုများ၊ ကလေးသူငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်လွယ်ကူသော အသိပညာပေးရုပ်ပြကာတွန်းများ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါးများ ဖျက်ဆီးနေသည့် အသိပညာပေးဓာတ်ပုံများ၊ ဘိန်းစိုက်ခင်းများအစား ကြံနှင့်အစေ့ထုတ်ပြောင်းများ ပြောင်းလဲစိုက်ပျိုးထားပုံများနှင့် မူးယစ်ဆေးဝါးအမျိုးအစားများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက်ထားပါသည်။ ထိုသို့ နံရံပြဘုတ်တွင် အသိပညာပေးစာစောင်များ ပြသဆောင်ရွက်ထားသည်များကို ဒေသခံပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ လမ်းသွားလမ်းလာများနှင့် ကျောင်းသွား ကျောင်းလာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုး(ပြန်/ဆက်)