ဆီဆိုင် ဇွန် ၂၁
အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရင့်သန် လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မြို့နယ်အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က ပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ဆုရွေးချယ်မှု စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး တို့ကဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)