ဒေါပုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်

ရန်ကုန် ဇွန် ၂၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online မှတစ်ဆင့် အသိပညာဗဟုသုတများကို အလွယ်တကူလေ့လာ သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ ခေါင်းစဥ်ဖြင့် Talk Show အစီအစဥ်ရိုက်ကူးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရိုက်ကူးရာတွင် ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းတို့က မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံသမိုင်းကြောင်းများ၊ မူးယစ်ဆေးစတင်စွဲလမ်းစေသည့် နည်းလမ်းများ၊ မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးကြောင့် မိသားစုဘဝများပျက်စီးရပုံများနှင့် မူးယစ်ဆေးစွဲသူများအနေဖြင့် ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အကြောင်းအရာများအား ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ Talk Show အစီအစဥ်ကို ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Online Page များမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး လစဥ်အသိပညာပေး Talk Show အစီအစဥ် များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ(ပြန်/ ဆက်)