ငါန်းဇွန် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၂နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ညီညီနိုင် (မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်း ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်း စသည့်စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “Ambition ရည်မှန်းချက်” ခေါင်းစဉ်မှ ရည်မှန်းချက်ဆိုတာ အောင်မြင်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အင်္ဂါရပ်တစ်ရပ်ဖြစ်ကြောင်း၊ ဘယ်သူမဆို ရည်မှန်းချက်ကို မျိုးစေ့ချပြီး ပြုစုပျိုးထောင် ရမည့် အချက်များ ကိုလည်းကောင်း၊ ဦးထက်မြက်စိုးက “Basking in Success အောင်မြင်မှု နေပူစာလှုံ” ခေါင်းစဉ်မှ အောင်မြင်မှုရဖို့ အောင်မြင်သူတွေနဲ့ ပူးပေါင်းရမယ်။ အောင်မြင်ရေး စာအုပ်တွေ အပတ်တကုပ် ဖတ်ရမယ်။ အမှားအမှန်ကို စိစစ်ခွဲခြား ရွေးချယ်နိုင်တဲ့အစွမ်းကို မြင့်မားတိုးတက်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ကိုလည်းကောင်း၊ ဒေါ်ရွေဇင်အိက “Creativity ဖန်တီးမှုစွမ်းရည်” ခေါင်းစဉ်မှ ဘဝလမ်းတစ်လျှောက်လုံး အကြံသစ် ဉာဏ်သစ်တွေရှိတဲ့ လူတွေပဲ အောင်မြင်ကြတာဖြစ်တဲ့အတွက် အောင်မြင်မှုရဲ့ သောချက်များကို လည်းကောင်း၊ ညီညီနိုင် (မြန်မာပြန်)၏ “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ပါ ခေါင်းစဉ်များ အလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)