နမ့်စန်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

နမ့်စန်(တ) ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊  ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများနှင့် အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများ ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ် (စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်မပါ) နံနက် ( ၉ နာရီမှညနေ ၄ နာရီခွဲအထိ သတ်မှတ် စုရပ်နေရာများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများအား သွားလာရေးလွယ်ကူပြီး (Internet line) ကောင်းမွန်သည့် ကျေးရွာအုပ်စုတွင် စုစည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကာအချက်အလက်များ ကောက်ယူရန် လာရောက်ဆောင်ရွက်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်ထံမှ သိရသည်။

ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏ (Biographic Data) နှင့် (Biometric Data) များကို (Database) တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် (Unique ID)  နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)