ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အဓိက ဆီထွက်သီးနှံဖြစ်သော ပင်ထောင်၊ ပင်ပြန့်မြေပဲမျိုး နှစ်မျိုး စိုက်ပျိုးလျက်ရှိကြရာ ယခုနှစ်မိုးရာသီတွင် ပင်ပြန့်မြေပဲများသာ အများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲမျိုးသာ စိုက်ပျိုးကြကြောင်း ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးသည့် မြေပဲမျိုးများဖြစ်သော ကျောင်းကုန်းမျိုးနှင့် မြန်မာပင် ပြန့်မျိုးများသည် အထွက်နှုန်း ကောင်းရုံသာမက အပင်နွယ်များလည်း ကြီးမားကာ နွားစာ အတွက် သိုလှောင်ကျွေးမွေးကြကြောင်းလည်း သိရသည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစီအစဉ်ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၁၁၄)ဧက၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်(၈၀)ဧ က ၊၂၀၂၃-၂၀၂၄ ခုနှစ်တွင် (၂၀၅)ဧကကို ညောင်ဦးဒေသတွင်သာမက မြန်မာပြည်အရပ်ရပ်သို့ မျိုးကောင်းမျိုး သန့်ပွားများ စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
ညောင်ဦးမြို့နယ်အတွင်းဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်း ကောင်းမျိုးများဖြစ်သည့် ပင်ထောင်(ဆင်းပဒေသာ-၁၁)၊ ညောင်ဦး(G-99) မျိုးကောင်းမျိုးသန့်ပွားများ စိုက်ပျိုး၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မိုးခေါင်ဒဏ်ခံနိုင်၍ အထွက်နှုန်း ကောင်းကာ ဆီထွက်နှုန်း မြင့်မားပြီး ဈေးကွက်နှင့် ကိုက်ညီသော ညောင်ဦး(G-99)မျိုးကို ဒေသခံတောင်သူများ စိုက်ပျိုးမှုမြင့်မားလျက်ရှိကြောင်း၊ ညောင်ဦး (G-99)မျိုးသည် ညောင်ဦးစိုက်ပျိုးရေး သုတေသနခြံမှ သုတေသန ပြုထုတ်လုပ်သော ကျောင်းကုန်းမျိုးနှင့် Chico မျိုးတို့ မျိုးစပ်ပြီး (၅)နှစ်ကြာ စမ်းသပ်သုတေသနပြု မျိုးသန့်အဖြစ် ဒေသတွင်းတောင်သူများနှင့် မြန်မာပြည်အရပ်ရပ်သို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ၊ ညောင်ဦး(G-99)မျိုးသည် ရက်(၁၀၅)ရက်၊ (၁၁၀)ရက်သာစိုက်ပျိုးရပြီး မိုးခေါင်ဒဏ်ခံနိုင်ခြင်း၊ ဆီထွက်(၄၀/၄၉)ရာခိုင်နှုန်း ရှိခြင်း၊ ဆီပျစ်ခြင်း၊ ပိဿာချိန် ပိုမိုခြင်း၊ အစေ့အဆန် အလုံးညီညာခြင်း၊ တစ်ဧကအထွက်နှုန်း တင်း (၆၀)နှုန်းထွက်ရှိခြင်း၊ တစ်ဧကဝင်ငွေ အကျိုးအမြတ်များသည့် မျိုးဖြစ်ပြီး မွှားပင့်ကူရောဂါဒဏ် ခံနိုင်ရည်ရှိသော မျိုးဖြစ်ခြင်းကြောင့် ကျေးလက်တောင်သူများ အကြိုက်တွေ့နေသည့် မြေပဲမျိုးဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက ပြောကြား၍ သိရသည်။
ညောင်ဦးမြို့နယ်တွင် အဓိက စိုက်ပျိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ ၊စပါးသီးနှံများကို ဒေသရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အရည်အသွေးကောင်း၊ အထွက်နှုန်း ကောင်းမျိုများကို စိုက်ပျိုးရေးသုတေသနခြံများနှင့် ချိတ်ဆက်၍ မျိုးသစ်များ စမ်းသပ်ခြင်း၊ မျိုးသန့်ပွားစံပြကွက်များကို အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မျိုးသန့်ဇုန်များ ထူထောင်၍ မျိုးသန့်ပွားခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း