နမ့်ဆန် ဇွန် ၂၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ပြပွဲကို ယမန့်နေ့နံနက်ပိုင်း (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက “ကျောင်းသားလူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မူးယစ်ဆေးဝါအန္တရာယ်ကို ရှောင်ကျဉ်နိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်ကြောင်း၊ လူသားနွယ်များ ဦးနှောက်နှင့် အသိဉာဏ်ရည်ပျက်စီးခြင်း ကျန်းမာရေးနှင့်လူမှုစီးပွားဘဝများ ဆုံးရှုံးပျက်စီးခြင်းတို့ အပြင်နိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ဝေးဝေးကရှောင်ရှားသင့်သည့် အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းခွဲ (ထ.ခွဲ.လ-၁)မှ ကျောင်းသား၊ ကျောင်းသူများက “မူးယစ်ဆေးဝါး အန္တရာယ် စုပေါင်းတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် (Grade-7)မှ ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)