မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယု ဇွန် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းလုပ်များဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အများပြည်သူနေအိမ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာသို့  မြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာကြန့်ကျေးလက်ကျန်းမာရေးဆရာမ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူး တို့ပါဝင်သည့် အဖွဲ့များက မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့  အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ​ရေအိုးဟောင်းများတွင်  ရေများမခိုအောင်း​စေရေး ဆောင်ရွက်ပေးကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာ​ပေးခြင်းများကို သတ်မှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်