မြစ်သား ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ဝါဂွမ်းနှင့် ချည်ထည်ထွက်ပစ္စည်းများကို နိုင်ငံခြားမှ မှာယူတင်သွင်းနေရခြင်းအား လျော့နည်းစေရန်၊ တောင် သူလယ်သမားများ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းကို စိုက်ပျိုးထုတ်လုပ်တတ်စေခြင်းဖြင့် ဝါစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ (B31) မျိုးစေ့နှင့် ရွှေတောင်-၁၀ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား (အခမဲ့)မျိုးစေ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်မှ အမှာစကား ပြော ကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်၊ ဒေသ၊ ရေ၊ မြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသည့် သီးနှံကို ရွေးချယ်စိုက်ပျိုးစေရန်၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တစ်ဧကဝင်ငွေတိုးပြီး တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မျိုးစေ့များ ဖြန့်ဖြူးပေးရခြင်းအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး ဘိုဘိုအောင်မှ တောင်သူ ဒေါ်ခင်သန်းထွေးအားလည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှ တောင်သူ ဦးမင်းဆွေအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးဝင်းမှ တောင်သူ ဦးဝင်းဦးအားလည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးမှ ဝါစိုက်တောင်သူများ လက်ဝယ်အရောက် ဝါမျိုးစေ့မျိုးကောင်းမျိုးသန့် ပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးဘိုဘိုအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ (၇၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)