ဇေယျာသီရိ ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဧက ၁၀၀၊ တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိရေးအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်း ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မြမြလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးပြေသိန်း၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းနှင့် ပြည့်ဝကုမ္မဏီမှ မျိုးစေ့ထုတ်လုပ်ရေးတာဝန်ခံ ဦးမြင့်စိုးတို့က သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ စိုက်ပျိုးချိန်တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးမည့်အရာများနှင့် တောင်သူများထံမှထွက်ရှိလာသည့် စပါးမျိုးများဝယ်ယူနိုင်ရေး အခြေအနေများအား အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူ ၂၅ ဦးအား မိုးစပါးမျိုး ၁ ဧကလျှင် ၁ တင်းနှုန်း ဖြင့်လည်းကောင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ ၁ ဧကလျှင် ၀.၅ အိတ်နှုန်းဖြင့်လည်းကောင်း၊ သဘာဝဩဇာ ၁ ဧကလျှင် ၁ အိတ်နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)